စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည်ယူနန်ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှ တာဝန်ရှိသူတို့အားတွေ့ဆုံ

Mon, 05/22/2023 - 01:05 -- mocadmin

နေပြည်တော်၊ မေ ၂၁         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကူမင်းမြို့ Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning မှ တည်ခင်းဧည့်ခံသော အလုပ်သဘော နေ့လည်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်သဘောနေ့လည်စာ စားပွဲတွင် မြန်မာ့လယ်ယာထွက်ကုန်များ ပိုမိုတိုးမြင့်ထုတ်လုပ်၍တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးအပြင် တန်ဖိုးမြှင့်လယ်ယာစိုက်ပျိုး ရေးထွက်ကုန်များ ထုတ်လုပ်နိုင်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များ ကိုဆွေးနွေးခဲ့ပါသည်။ ပါတီအတွင်းရေးမှူးက မြန်မာနိုင်ငံရှိ လေဘေးသင့်ပြည်သူများအတွက် ယူနန်ပြည်နယ်အစိုးရမှ တရုတ်ယွမ်ငွေ ငါးသိန်း (၅၀၀၀၀၀) လှူဒါန်းမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကူမင်းမြို့၌ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ အဖွဲ့ဝင် Mr. Zhao Zenglian နှင့်တာဝန်ရှိသူများအားတွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာ ထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် GACC ၏ခွင့်ပြုချက်ရရှိရေး၊ လယ်ထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ခြင်းဖြင့်ပို့ကုန် လုပ်ငန်းရှင်များ သာမက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလုပ်ငန်းရှင်များလည်း အကျိုးကျေးဇူးကို ခံစားနိုင် သည့်အတွက် ဆင်းရဲနွမ်းပါးမှုကို လျော့ချရေးတွင် အထောက်အကူဖြစ်ရေး၊ နယ်စပ်ဂိတ်များကို နည်းပညာသုံး၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ပြတင်းတစ်ပေါက်စနစ် (Single Window) ထူထောင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်နိုင် ရေးတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ဟိုဆောင်၊ ကျိမ်စန်းကျော့၊ ပန်ဆိုင်/ကျူကုတ်  နယ်စပ်ဂိတ်များသို့ သွားရောက်၍ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လူဝင်/လူထွက် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပို့ကုန်၊ သွင်းကုန် ယာဉ်အဝင်/အထွက် ရှင်းလင်းရေးလုပ်ငန်းစဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရွှေလီမြို့တွင်မြန်မာ နိုင်ငံမှတင်ပို့သည့် ကျောက်စိမ်းများအား အချောထည်ပြုလုပ်၍ တရုတ်နိုင်ငံတစ်ဝှမ်းသို့ Online/ Offline ဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ကျောက်စိမ်းရောင်းဝယ်ရေးစင်တာသို့ သွားရောက် ကြည့်ရှုပြီးနောက် မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်အား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နေ သည့်လုပ်ငန်းဆောင်ရွက်မှုအား သွားရောက်ကြည့်ရှုခဲ့သည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ တဲဟုန်မြို့ ပြည်နယ်ခွဲပါတီအတွင်းရေးမှူး၊ Mr. Jiang Shan ကုန်သွယ်မှုနှင့် သက်ဆိုင်သော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကုန်သွယ်မှုလျင်မြန်ချောမွေ့ စေရေး၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဂိတ်များအကြား အခြေခံအဆောက်အဦများ မြှင့်တင်နိုင်ရေး၊ ကုန်သွယ်မှုအတွက် ဘဏ်စနစ်တိုးမြှင့်အသုံးပြုပြီး ပို့ကုန်သွင်းကုန် လုပ်ငန်း များဆောင်ရွက်ရေး၊ နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဇုန်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေးပုံမှန် ကျင်းပနိုင်​ရေးဆိုင်ရာကိစ္စရပ်များ၊  နှစ်နိုင်ငံအကြား တရားမဝင် ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages