စိုက်ပျိုးရာတွင် ထည့်သွင်းစဉ်းစားရမည့် ပြည်တွင်းဈေးကွက်

Wed, 03/04/2020 - 09:18 -- admin_ygn

         မြန်မာနိုင်ငံသည် လူဦးရေ   ၅၄  ဒသမ၂၆  သန်းကျော်ရှိပြီး ကမ္ဘာတွင် လူဦးရေအလိုက်၌အဆင့်မှာ  (၂၆)တွင်ရှိသည်။  သို့ဖြစ်၍ ပြည်တွင်းဈေးကွက်အတွက် စားသုံးနှုန်းမှာ  မနည်းလှဟုဆိုနိုင် သည်။ မြန်မာနိုင်ငံသည်  ဆန်စားသုံးမှုတွင်ဆိုလျှင် ကမ္ဘာတွင် အတော်အတန်မြင့်မားပြီး လူတစ်ဦးစားသုံးနှုန်းမှာ မြန်မာနိုင်ငံ ဆန် စပါးအဖွဲ့၏ သုတေသနလေ့လာချက်အရ ပျမ်းမျှ ၁၅၅ ကီလိုဂရမ်ရှိ သည်ဟုဆိုသည်။  အဆိုပါစားသုံးနှုန်းဖြင့်ဆိုပါက လူဦးရေ ၅၄ ဒသမ ၂၆ သန်းအတွက် ဆန်တန် ၈ ဒသမ ၅ သန်းခန့်လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ဆန်ဖြင့်ပြုလုပ်သော    အခြားစားစရာများအတွက်နှင့် အလေအလွင့်ကိုပါ ထည့်သွင်းတွက်ချက်လျှင် ဆန်သုံးစွဲမှု စုစုပေါင်း မှာ တန်အားဖြင့်   ကိုးသန်းကျော် ၁၀သန်းခန့်ရှိမည်ဟု   ယူဆနိုင် သည်။ထိုကဲ့သို့ တွက်ချက်ကြည့်မှုအရဆိုပါက ဆန်စပါးစိုက်ပျိုးထုတ် လုပ်မှုမှာ တစ်နှစ်လျှင် တန်ချိန် ၁၃ ဒသမ ၅သန်းခန့်ရှိပြီး ပိုလျှံမှုမှာ သုံးသန်းကျော်သာရှိသဖြင့် ပြည်ပတင်ပို့ရာတွင် အထွက်၏ ၂၂-၂၃ ရာခိုင်နှုန်းခန့်သာ တင်ပို့ခြင်းဖြစ်ကြောင်းတွေ့ရသည်။ အခြားသောသီးနှံအသီးသီးတွင်လည်း ပြည်တွင်းစားသုံးမှုနှုန်း သည် အထိုက်အလျောက်ရှိနေပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်နှစ်မျိုး လုံးအတွက် ရည်ရွယ်စိုက်ပျိုးသော သီးနှံများအတွက် ဈေးကွက်ဖြန့်ခွဲ မှုသည် အခက်အခဲမရှိသည်ကို  တွေ့နိုင်သည်။ ပြည်ပဈေးကွက်အတွက် အဓိကရည်ရွယ်စိုက်ပျိုးသောသီးနှံများတွင်မူ ပြည်တွင်း ဈေးကွက်အတွင်း စားသုံးမှုအလွန်နည်းပါးသဖြင့် ပြည်ပတင်ပို့မှုနည်းပါးသည့်အခါ ပြည်တွင်းဈေးကွက်ကို အားကိုးရန် မဖြစ်သည်ကို တွေ့နေရပါသည်။ အဆိုပါသီးနှံများကို  ပြည်တွင်း၌လည်း စားသုံးတတ်ရန် လေ့ကျင့်ပေးသင့်သည်။ ၂၀၁၇ ခုနှစ်တွင်  အိန္ဒိယက မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို တင်သွင်းမှုကိုတာခွဲတမ်းစနစ်ကို  ကျင့်သုံးသည့်အခါ မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အဓိက  ပဲလေးမျိုးအနက် မတ်ပဲနှင့် ပဲစင်းငုံတို့မှာ အခက်အခဲတွေ့ခဲ့ဖူးသည်ကို မှတ်မိမည်ထင်သည်။ ထိုစဉ်က မတ်ပဲ နှင့်ပဲစင်းငုံတို့၏ ပြည်တွင်းစားသုံးမှု တိုးတက်လာစေရန် ပဲစားပွဲတော် များပြုလုပ်ခြင်း၊   တပ်မတော်ကလည်း   တပ်မတော်ရိက္ခာအတွက် ကုလားပဲအစား ပဲစင်းငုံကို ကျွေးမွေးရန် စီစဉ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထိုကဲ့သို့ဆောင်ရွက်မှုများသည် ပြည်တွင်း၌ စားသုံးတတ်လာစေရန်နှင့်  ပြည်တွင်းဈေးကွက်ဖြစ်ပေါ်စေပြီး  အဆိုပါပဲများ၏ ဈေးနှုန်းနှင့်ဖြန့်ဖြူးမှုကို ထိန်းသိမ်းရန် ရည်ရွယ်ဆောင် ရွက်ခဲ့ခြင်း ဖြစ်သည်။

ဝူဟန်ဗိုင်းရပ်စ်ရောဂါနှင့် ဖရဲ၊ သခွားမွှေး

     တရုတ်နိုင်ငံတွင် တရုတ်နှစ်သစ်ကူးချိန်မတိုင်မီ  ဝူဟန်မြို့မှ စတင်သော တုပ်ကွေးအဆုတ်ရောင်ရောဂါနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအတွင်း ပျံ့နှံ့ခဲ့ကာ တရုတ်နိုင်ငံအတွင်းရုံးများ၊ ကျောင်းများပါ ပိတ်ထားရသည်မှာ သုံးပတ်ခန့်ကြာမြင့်လာပြီဖြစ် ၍ ဖေဖော်ဝါရီလ ကုန်ပိုင်းတွင်မှ ရုံးများ၊ ကျောင်းများဖွင့်နိုင်မည်ဟု ယူဆရကြောင်းလည်း ကြားသိနေရသည်။ တရုတ်နိုင်ငံတွင်သာမက အခြားနိုင်ငံအတော်များများသို့ပါ ရောဂါရှိသူများ ပျံ့နှံ့လာသဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုများ၊ ခရီး သွားမှုများ ရပ်တန့်သွားခဲ့သည်။  တရုတ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော၊နယ်စပ်ကုန်သွယ်မှုပြုလုပ်နေသောမူဆယ်နယ်စပ်မှ ရောင်းဝယ်မှုများသည်လည်း  ရပ်တန့်လုနီးပါး ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ယခုကာလတွင်  ဖရဲသီးနှင့် သခွားမွှေးများမှာ မြန်မာ နိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ ဖေဖော်ဝါရီလတွင် တစ်ရက်လျှင် ကား အစီးရေ ၅၀ဝ- ၆၀ဝ ခန့်တင်ပို့နေသည်မှ   လက်ရှိတွင် အစီးရေ ဆယ်ဂဏန်းမျှသာ   တင်ပို့နိုင်သည့်အခြေအနေဖြစ်သည်။ ဖရဲ၊ သခွားမွှေးများကို မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နေကြသည်မှာ တရုတ်နိုင်ငံဈေးကွက်သို့နယ်စပ်မှ တင်ပို့ရန်အတွက်သာ ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သဖြင့် ယခုကဲ့သို့ နယ်စပ်မှအကန့်အသတ်ဖြစ် သည့်အချိန်တွင် အခြား ပြည်ပဈေးကွက်များသို့ ရုတ်တရက်တင်ပို့ရန် မလွယ်ကူသည့်အခြေအနေမျိုးကြုံတွေ့ရခြင်းဖြစ်သည်။ ပြည်တွင်း ဈေးကွက်အတွက်ကိုလည်း    ဖရဲ၊ သခွားမွှေးသီးများ  ရောင်းချရန် ကြိုတင်ပြင်ဆင်ထားမှုမရှိသည်ကိုတွေ့မြင်နေရသည်။ မြန်မာနိုင်ငံ သားများသည် ဖရဲသီးကို နွေရာသီပူလောင်ချိန်တွင်သာ ရင်အေးစေ ရန်နှင့် ရေငတ်ပြေစေရန် စားသုံးတတ်ကြပါသည်။

      ယခု ဖေဖော်ဝါရီလကဲ့သို့ အအေးဓာတ်အနည်းငယ်ကျန်ရှိနေ ချိန်တွင် စားသုံးမှုနည်းပါးကြသည်။ သို့ဖြစ်၍ ပြည်တွင်းဈေးကွက် တွင် ရောင်းချနိုင်ရန်အတွက် လှုံ့ဆော်မှုများလိုအပ်မည် ဖြစ်သည်။ မြန်မာများ၏ ဖရဲစားသုံးမှုကိုလေ့လာမည်ဆိုပါက   လူလေးဦးလျှင် ဖရဲသီးတစ်လုံးနှုန်းဖြင့် တွက်မည်ဆိုပါက တစ်နှစ်ပတ်လုံးအတွက် လူဦးရေ ၅၄ ဒသမ ၂၆ သန်းအတွက် ပြည်တွင်းဈေးကွက်တွင် ဖရဲသီး လိုအပ်ချက်မှာ တန် ၂၇၀ဝ၀ဝ ခန့်သာရှိမည်။ တစ်နှစ်လျှင် ဖရဲတင်ပို့ မှုမှာ ယခင်နှစ်က တန်ချိန် ၈၀ဝ၀ဝ၀ ခန့်ရှိပြီး ယခု အချိန်အထိ တင်ပို့ ပြီးစီးမှုမှာ တန် ၆၀ဝ၀ဝ၀ ခန့်ရှိပါသည်။ ယခုလများတွင်  တင်ပို့မှုမှာ တန်သုံးသိန်းကျော်ခန့်သာ ကျန်ရှိမည်ဖြစ်သည်။ ထို့ကြောင့်ပြည်တွင်းဈေးကွက်တွင်သာ  ထိထိရောက်ရောက် ရောင်းချနိုင်မည်ဆိုပါက အထိုက်အလျောက် အခက်အခဲကိုလျှော့ချ နိုင်မည်ဟု ယူဆရပါသည်။ ၁-၂-၂၀၂၀နှင့် ၈-၂-၂၀၂၀ ရက်များတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်ပြီး ဖရဲ၊ သခွားမွှေးအသင်း၊  ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၊သယ်ယူပို့ဆောင်ရေးအသင်းများပါဝင်ပြီး    ပြည်တွင်း ဈေးကွက်တွင် ရောင်းချနိုင်ရေးအတွက်   ညှိနှိုင်းခဲ့ကြောင်း သိရပါ သည်။ အခြားသီးနှံများ၏ ပြည်တွင်းဈေးကွက်နှင့်  စားသုံးမှုအခြေ အနေများ ပြည်ပသို့တင်ပို့သောသီးနှံများကို အုပ်စုအလိုက် ခွဲခြား ကြည့်မည်ဆိုပါက   ဆန်စပါး အုပ်စု၊ ပဲမျိုးစုံနှင့် ပြောင်းသီးနှံ အုပ်စု၊ ဆီထွက်သီးနှံအုပ်စု၊ ကြက်သွန်နီအပါအဝင် စားဖိုဆောင်  သီးနှံ အုပ်စု၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်အုပ်စု၊    စက်မှုကုန်ကြမ်း သီးနှံအုပ်စုဟူ၍ အကြမ်းအားဖြင့်   ခြောက်အုပ်စုခွဲနိုင်ပါသည်။ အဆိုပါခြောက်အုပ်စုတွင် စက်မှုကုန်ကြမ်းသီးနှံများမှအပ ကျန်သီးနှံ အများစုသည် အစားအစာတွင်  ပါဝင်နေသည်ကို တွေ့ရပါသည်။ အဆိုပါသီးနှံများကို  မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နေသည်မှာ ပြည်ပဈေးကွက်နှင့် ပြည်တွင်းဈေးကွက် နှစ်မျိုးစလုံးအတွက် ဖြစ် သော်လည်း ပြည်ပတင်ပို့နိုင်သည့်သီးနှံများမှာ ဈေးကောင်းရရှိကြ သဖြင့် နောက်ပိုင်းတွင် ပြည်တွင်းဈေးကွက်အတွက်ထက် ပြည်ပဈေး ကွက်အတွက် အဓိက ရည်ရွယ်စိုက်ပျိုးလာကြပြီး   ရိတ်သိမ်းချိန်၊ ခူးဆွတ်ချိန် ဈေးကွက်သို့ဖြန့်ဖြူးချိန်များကိုပါ    ပြည်ပဈေးကွက် အတွက် ရည်ရွယ်ဆောင်ရွက်လာကြသည်ကိုတွေ့နိုင်ပါသည်။ ယခု ကဲ့သို့ ပြည်ပတင်ပို့မှု အကန့်အသတ်ဖြစ်ခြင်း၊ ကိုတာစနစ်ကြောင့် တင်ပို့ရာတွင် အခက်အခဲဖြစ်ခြင်း  စသည်များ ကြုံတွေ့ရသည့်အခါ ကျော်လွှားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်သည်။

ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေး

      အဆိုပါ ပြည်ပဈေးကွက်တစ်ခုတည်းအတွက်  သီးနှံများကို ရည်ရွယ်စိုက်ပျိုးခြင်းအစား ပြည်တွင်း၊ ပြည်ပဈေးကွက် နှစ်ခုစလုံးသို့ ရောင်းချရန်ဟူ၍ ရည်ရွယ်ချက်ကို ဦးစွာပြင်ဆင်ချမှတ်ရန် လိုအပ်ပါသည်။ စိုက်ပျိုးသောသီးနှံများ၊ အထူးသဖြင့်  သစ်သီးဝလံ ဟင်းသီး ဟင်းရွက်များအတွက် မူလရည်ရွယ်ရာ ပြည်ပဈေးကွက်အတွက် အဆင်မပြေပါက ပြည်တွင်းဈေးကွက်တွင်  ရောင်းချနိုင်မည့်အရေ အတွက်ကို ကြိုတင်ပြင်ဆင်ခြင်း၊   အခြားအိမ်နီးချင်းနိုင်ငံများသို့ ရောင်းချ နိုင်ရန် ကြိုးပမ်းခြင်း၊ တန်ဖိုးမြှင့်ထွက်ကုန်များ ပြုလုပ်နိုင်ရန် ပြင်ဆင်ခြင်း စသည်တို့ကို မဟာဗျူဟာများချမှတ်စဉ်ကပင် စဉ်းစားထည့်သွင်းသင့်ပါသည်။ အလားတူပင် အိန္ဒိယကဲ့သို့ ကိုတာစနစ်ဖြင့် ကန့်သတ်မှုများပေါ်ပေါက်လာလျှင် ကျော်လွှားနိုင်ရန်လည်း  စိုက် ပျိုးရန် လျာထားချက်မှအစ၊ မျိုးစုဆောင်းခြင်းမျာ  အပါအဝင် ကြိုတင်ပြင်ဆင်သင့်သည်။ တစ်နည်းအားဖြင့် မဟာဗျူဟာကျကျ  စဉ်းစားပြောဆိုရမည်ဆိုပါက Plan A တစ်ခုတည်းသာမက  Plan B, Plan C တို့လည်း ရှိထားရန်၊ ပြင်ဆင်ထားရန်လိုအပ်ပါမည်။ ယခုအခါ တောင်သူများ ကုန်သည်များ၊ Exporters များသည် အစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အားနည်းသကဲ့သို့၊ အစိုးရဌာနဆိုင်ရာ အချို့ဘက်ကလည်း ဝင်ရောက်ဆောင်ရွက်ပေးမှု အားနည်းနေသည်ဟု ခံစားမိပါသည်။ အချို့သော ဌာနဆိုင်ရာများဘက်က ဌာနအချင်းချင်း သော်လည်းကောင်း၊ ဌာနနှင့် အခြားအသင်းအဖွဲ့များ၊ သည်လည်း ကောင်း ပူးပေါင်းဆောင်ရွက်မှုတွင် များစွာပြုပြင်ရန် လိုအပ်နေသေး သည်ဟု ထင်မြင်မိသည်။ နိဂုံးချုပ်အနေဖြင့်ဆိုပါက  မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ် သည့် အစားအစာအခြေခံသီးနှံများနှင့်ပတ်သက်၍ စိုက်ပျိုးထုတ် လုပ်မှုများတွင် ပြည်တွင်း၊ ပြည်ပဈေးကွက်နှစ်ခုစလုံးတွင်  ရောင်းချနိုင် သည့်သီးနှံများကို   ဦးစားပေးစိုက်ပျိုးရန်၊ ပြည်ပဈေးကွက်အတွက် သာရည်ရွယ်စိုက်ပျိုးမည်ဆိုပါကလည်း အိန္ဒိယကဲ့သို တစ်နိုင်ငံတည်း ကိုသာ  အားထားနေရသည့် သီးနှံအမျိုးအစား  အခြားနိုင်ငံအများ အပြားသို့တင်ပို့နိုင်မည့်သီးနှံမျိုးကို   ဦးစားပေးစိုက်ပျိုးသင့်သည်။ တစ်နည်းအားဖြင့်ဆိုပါက ဈေးကွက်ကျယ်ပြန့်သော သီးနှံများကိုရွေး ချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ စွန့်စားရမှုနည်းပါးသည့်အခြေအနေ မျိုးကိုရွေးချယ်သင့်ကြောင်း တင်ပြလိုခြင်းဖြစ်ပါသည်ခင်ဗျား။မြန်မာ နိုင်ငံမှ တောင်သူအပေါင်းတို့အနေဖြင့်  စွန့်စားစိုက်ပျိုးရကျိုးနပ်ပါ စေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ခင်ဗျား။

 

မျိုးသူ(ကုန်သွယ်မြှင့်)

Border Trade News

Pages