Myanmar and WTO's TPR

Thu, 08/29/2019 - 05:45 -- ictuser

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင်လိုက်ပါဆောင်ရွက်မှု

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်

    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များအရ ပွင့်လင်းမြင်သာမှုဆိုင်ရာ တာဝန်ဝတ္တရားများကို အဖွဲ့ဝင်နိုင်ငံများမှ လိုက်ပါဆောင်ရွက်ရာတွင် အခြေခံအားဖြင့်နည်းလမ်းနှစ်သွယ်ဖြင့်ဆောင်ရွက်ပါသည်။ယင်းတို့မှာ(၁)ပုံမှန်အသိပေးကြောင်းကြားစာများမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံမှကျင့်သုံးသည့်စည်းမျဉ်းများ၊ မူဝါဒများ (သို့မဟုတ်) ဥပဒေများကို ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့သို့ အသိပေးအကြောင်းကြားခြင်း (Notification ပြုလုပ်ခြင်း) နှင့်(၂)အဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒများကို ပုံမှန်ဆန်းစစ်မှုများပြုလုပ်ခြင်း (Trade Policy Review) တို့ဖြစ် ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်သည် အဖွဲ့ဝင်နိုင်ငံ များ၏ ကုန်သွယ်မှုနှင့်ဆက်စပ်မူဝါဒများအပေါ် သတ်မှတ်ထားသည့် အချိန်ကာလအပိုင်းအခြား အလိုက် ပြန်လည်ဆန်းစစ်လေ့လာသုံးသပ်ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်အား အဖွဲ့ဝင်နိုင်ငံများ မှမဖြစ်မနေလိုက်ပါဆောင်ရွက်ရန် တာဝန်ရှိပါသည်။
    ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက် (Marrakesh Agreement) ၏ Annex-3 တွင် ဖော်ပြ ထားသည့်အတိုင်း အဖွဲ့ဝင်နိုင်ငံများမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သဘောတူညီချက်များ အောက်တွင် ပြုလုပ်ထားသော ကတိကဝတ်များ၊ စည်းမျဉ်းများအပေါ် လိုက်နာဆောင်ရွက် မှုများ တိုးမြှင့်လာနိုင်စေရေးကို အထောက်အပံ့ပေးရန် ရည်ရွယ်ပါသည်။ ထို့အပြင် အဖွဲ့ဝင်နိုင်ငံ များ၏ ကုန်သွယ်ရေးမူဝါဒများ၊ လက်တွေ့ ဆောင်ရွက်နေမှုများတွင် ပိုမိုကောင်းမွန်သော ပွင့်လင်းမြင်သာမှုကိုမြှင့်တင်ခြင်းအားဖြင့် နိုင်ငံစုံကုန်သွယ်မှုစနစ်ကို  ပိုမိုအားကောင်းခိုင်မာ လာစေရေးအတွက် အထောက်အကူပြုသွားနိုင်ရန်လည်းဖြစ်ပါသည်။

 

ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် လိုက်ပါဆောင်ရွက်ရသည့်အဓိကအချက်များ

 

    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် အပိုင်း (၃) ပိုင်း ပါဝင်ပါသည်။ ယင်းတို့မှာ (၁) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးမှ ပြုစုတင်ပြ သော အစီရင်ခံစာ(WTO Secretariat Report) (၂) သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏ အစိုးရမှ ပြုစု တင်ပြသော အစီရင်ခံစာ (Government Report) နှင့် (၃) အဖွဲ့ဝင်နိုင်ငံများမှ မေးမြန်းသော မေးခွန်းများကို သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံမှ ရှင်းလင်းဖြေကြားခြင်းတို့ဖြစ်ပါသည်။  
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးရုံးမှ ပြုစုတင်ပြသောအစီရင်ခံစာအပိုင်းတွင် အတွင်းရေးမှူးအဖွဲ့မှ ကျွမ်းကျင်သူများက သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများချမှတ်ကျင့်သုံးနေမှုနှင့် ယင်းမူဝါဒများအပေါ် လိုက်ပါဆောင်ရွက်နေမှု အခြေအနေ များနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များကို စိစစ်တင်ပြထားပါသည်။  
သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏ အစိုးရမှ ပြုစုတင်ပြသောအစီရင်ခံစာတွင် ကုန်သွယ်မှုမူဝါဒဆန်းစစ်သည့်ကာလအတွင်း၌ မူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ သဘောတူညီချက်များနှင့်အညီ လိုက်ပါဆောင်ရွက်မှုအခြေအနေများနှင့် ယင်းသို့ ဆောင်ရွက် မှုများကြောင့် ကုန်သွယ်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများကို တင်ပြခြင်း တို့ပါဝင်ပါသည်။
အဖွဲ့ဝင်နိုင်ငံများမှမေးမြန်းသော မေးခွန်းများကိုဖြေကြားတင်ပြခြင်းတွင်အတွင်းရေးမှူးရုံးအဖွဲ့၏အစီရင်ခံစာနှင့် အစိုးရ၏အစီရင်ခံစာပါအချက်များနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ ပိုမိုသိရှိလိုသည့်အချက်များ၊ ၎င်းတို့၏ယူဆချက်များနှင့် ထောက်ပြစိစစ်သည့်အချက် များ၊ အခြားသောဆက်စပ်သဘောထားမှတ်ချက်များနှင့်ပတ်သက်သောမေးခွန်းများအတွက်သတ်မှတ်အချိန်ဇယားအတိုင်း သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးရခြင်းဖြစ်ပါသည်။

 
ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်မှရရှိသော အကျိုးကျေးဇူးများ

 

    အဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာမူဝါဒများကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းဖြင့်အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များနှင့်အညီ ခိုင်မာသောမူဝါဒများ ချမှတ်နိုင်ရေး  အထောက်အကူဖြစ်စေပြီး မိမိနိုင်ငံနှင့်သင့်လျော်သော ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းများချမှတ်နိုင်ရေးအတွက် ပံ့ပိုးပေးပါသည်။ အဖွဲ့ဝင်ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဆိုင်ရာစေ့စပ် ညှိနှိုင်းမှုများတွင် လိုအပ်သလို ပိုမိုပါဝင်လာနိုင်ရေးအတွက်များစွာအထောက်အပံ့ဖြစ်စေနိုင်ကြောင်း လေ့လာ တွေ့ရှိရပါ သည်။
ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ခြင်းအားဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သုံးသပ်ချက်အစီရင်ခံစာများအရ လေ့လာတွေ့ရှိရပါသည်-
    (က)   အစိုးရဌာနနှင့် အဖွဲ့အစည်းများအချင်းချင်း ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှု ပိုမို အားကောင်းလာခြင်း၊
    (ခ)    အစိုးရဌာနနှင့် အဖွဲ့အစည်းများတွင် ချမှတ်ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများ အချင်းချင်း လိုက်လျော ညီထွေ သဟဇာတဖြစ်ရန် လိုအပ်မှုကို ပိုမိုနားလည်သဘောပေါက်လာခြင်း၊
  (ဂ) အစိုးရဌာနနှင့် အဖွဲ့အစည်းများတွင် ချမှတ်ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောတူညီချက်များနှင့်အညီ လိုက်လျောညီထွေမှုရှိရန် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိစေခြင်း။
    (ဃ)    အဖွဲ့ဝင်နိုင်ငံ၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍဍများအား နိုင်ငံတကာ အသိုင်း အဝိုင်း မှ ပိုမိုနားလည် သဘောပေါက်စေခြင်းနှင့်အတူ  ပွင့်လင်းမြင်သာရှိမှုတို့ကို ချပြနိုင်ခြင်းဖြင့် နိုင်ငံတကာ၏ယုံကြည်မှုကိုမြှင့်တင်ပေးနိုင်ခြင်း။
    ( င)    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အသိုင်းအဝန်းတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ တိုးပွားလာခြင်း။

 

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်

 

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စတင်ဖွဲ့စည်းစဉ် ၁၉၉၅ ခုနှစ်မှစ၍ ကနဦး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ခဲ့သော်လည်း အခြေအနေအရ မြန်မာနိုင်ငံ၏ ပထမအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလမှစတင် ဆောင်ရွက်နိုင်ခဲ့ ကာ သတ်မှတ်အချိန်ဇယားအတိုင်း (၁) နှစ်ကြာအချိန်ယူဆောင်ရွက်ခဲ့ပါသည်။
ပထမအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှပေးပို့သည့်ကုန်သွယ်မှုနှင့်သက်ဆိုင်သောကဏ္ဍဍကြီးများနှင့်ဆက်စပ်၍ မေးခွန်းစုစုပေါင်း(၂၈၃)ခုနှင့်ပတ်သက်သောအချက်အလက်များကိုသက်ဆိုင်ရာဌာနအဖွဲ့အစည်းများသို့ဆက် လ က်ပေး ပို့ဖြေကြားစေခဲ့ပါသည်။ ပြန်လည်ဖြေကြားပေးပို့လာသည့် အချက်အလက်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်သည့်ဌာနသို့ ဆက်လက်ပေးပို့ခဲ့ပါသည်။ ယင်းတို့အပေါ်လေ့လာဆန်းစစ်ကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှကျွမ်းကျင်သူများက မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ပြီး၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ အတွင်းရေးမှူးရုံး၏ အစီရင်ခံစာ (WTO Secretariat Report) ကို ပြုစုခဲ့ပါသည်။
    အလားတူပင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ကျွမ်းကျင်သူများနှင့် အနီးကပ်ဆွေးနွေးညှိနှိုင်းကာ အစိုးရ၏အစီရင်ခံစာ (Government Report) ကို ပြုစု၍ အထက်အဖွဲ့အစည်း၏တင်ပြခွင့်ပြု ချက်ကိုရယူကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဆက်လက်ပေးပို့ခဲ့ပါသည်။    
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက အဆိုပါအစီရင်ခံစာများကို လေ့လာ၍ ၎င်းတို့သိရှိလိုသည့် မေးခွန်းစုစုပေါင်း (၁၉၇) ခုကိုထပ်မံမေးမြန်းခဲ့သဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဖြေကြားကာကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံးသို့ သတ်မှတ်ရက်အတွင်းအချိန် မီ ပြန်လည်ပေးပို့ခဲ့ရပါသည်။
    ယင်းလုပ်ငန်းစဉ်များဆောင်ရွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပထမအကြိမ်ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း အစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့ အထိ ကျင်းပပြုလုပ်၍ လုပ်ငန်းစဉ်အား အပြီးသတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းကဲ့သို့ အောင်ြ မင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့ အစည်းများအားလုံး၏ အပြုသဘောဖြင့် အပြည့်အဝပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြခြင်း ကြောင့်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။

 

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် စတင်ပြင်ဆင်

 

    ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ ရလာဒ်အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှုဆောင်ရွက်ချက်များအပြင် ရှေ့ဆက်ဆောင်ရွက်မည့် အလား အလာများ၊ ပြုပြင်ပြောင်းလဲသင့်သည့်အချက်များကို ပိုမိုသိရှိနားလည်စေပါသည်။   ပွင့်လင်း မြင်သာပိုမိုရှိလာသည့်အပြင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာမူဝါဒများနှင့် အမြင်အာဘော်များကိုကို လေ့လာသိရှိနိုင်သည့်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှ မျက်ခြည်မပျက် အလေးထားစောင့်ကြည့် လေ့လာကြသည်ကို တွေ့ရှိရပါသည်။ ထို့အတူ လေ့လာဆန်းစစ်သည့်နိုင်ငံအတွက်လည်း မိမိနိုင်ငံ၏ကုန်သွယ်မှုကဏ္ဍဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိသည့်အစီအမံများနှင့် ကြိုးပမ်းအားထုတ်မှုများကို ကမ္ဘာ့နိုင်ငံများ သို့ ရှင်းလင်းချပြနိုင်သည့်အခွင့်အရေးကို ရရှိစေပါသည်။
    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်းများ နှင့် ကတိကဝတ်များအား မိမိတို့နိုင်ငံအနေဖြင့် အကောင်းဆုံးလိုက်ပါ ဆောင်ရွက်လျက် ရှိကြောင်းသိရှိနိုင်ရန်နှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုကဏ္ဍဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒဆန်း စစ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၂၀ ခုနှစ်တွင်အပြီး ဆောင်ရွက်သွားရန် လျာထားပါသည်။ အဆိုပါ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ် အောက်တို ဘာလမှစတင်ဆောင်ရွက်နိုင်ရေးနှင့် ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းဆိုင်ရာအပြီးသတ်အစည်းအဝေးကို၂၀၂၀ခုနှစ် အောက်တိုဘာလအတွင်း၌ ဂျီနီဗာမြို့ရှိကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ အပြီးသတ်ကျင်းပသွားနိုင်ရေးတို့အတွက်သက်ဆိုင်ရာအထက်အဖွဲ့အစည်းနှင့်ဌာန များ သို့အချိန်မီတင်ပြဆောင်ရွက်သွားရန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်စတင်ပြင်ဆင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။